မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီ (MRP) မှ နိုင်ချမ်းဒိန်းအဖွဲ့၏ အဓိက လှုပ်ရှားရာဖြစ်သော ရေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများ၌ ၄င်းအဖွဲ့နှင့် စစ်အစိုးရတပ်များ လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်လက်ပြုလုပ်လျှက်ရှိသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် တပ်မတော် နယ်လှည့်ဆက်ဆံရေးတပ်မှ ဖျော်ဖြေရေးဇာတ်ပွဲ မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ကိုးမိုင်ရွာ၌ ဝင်ရောက်ကပြရန်အတွက် ခလရ (၂၉၉) မှ အိမ်ခြေ ၃၅၀ ရှိ ကိုးမိုင်ရွာနှင့် အိမ်ခြေ ၂၅၀ ခန့်ရှိ မာန်အောင်ရွာများ၌ တစ်အိမ် ၅၀၀ ကျပ် ငွေကြေးကောက်ခံခဲ့ပြီး ကိုးမိုင်ရွာသားများက ဇာတ်စင်ကိုလည်း ဆောက်လုပ်ပေးရသည်ဟု ကိုးမိုင်ရွာသားများက ပြောသည်။
၎င်းပြင် ရေး-ထားဝယ်ကားလမ်းတစ်လျှောက်၌ ခလရ ၂၉၉ မှ လမ်းကင်းချရန်အတွက် လမ်းကင်းစခန်းများကိုလည်း ကိုးမိုင်ရွာသားများက ဆောက်လုပ်ပေးကြရပြီး ကင်းစ ခန်းဆောက်မည့်နေရာရှိ ခြံမြေများကိုလည်း အသိမ်းခံရသည်ဟု ရွာသားတစ်ဦးက ပြောသည်။
၎င်းရွာသား၏ပြောပြချက်အရ ၈ မိုင်၊ ၁၃ မိုင်၊ ၉ မိုင် သုံးနေရာတို့၌ ဒီဇင်ဘာလ ၁၉ ရက်နေ့မှစ၍ ယနေ့တိုင် သွားရောက်လုပ်ကိုင်နေကြရပြီး အလှည့်ကျတစ်နေ့လျှင် ရွာသား ၇၀ ခန့်စေခိုင်းခံကြရကြောင်း၊ ကင်းစခန်းတစ်နေရာလျှင် မြေ ၁ ဧကဝန်းကျင်ခန့် အသိမ်းခံရ သည်။
လွန်ခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဒီကေဘီအေနှင့် နယ်မြေခံတပ်ရင်း ၂၉၉ တို့ပူးပေါင်းပြီး မာန်အောင်ချောင်းဖျားအနီးတွင် နိုင်ချမ်းဒိန်းအဖွဲ့အား ထိုးစစ်ဆင်ဝန်းရံ တိုက်ခိုက်ခြင်းကြောင့် နိုင်ချမ်းဒိန်အဖွဲ့မှ ၃ ဦးကျဆုံးပြီး အထမ်းသမားရွာသားတစ်ဦး သေဆုံးခဲ့သည်။
၎င်းကိစ္စနှင့်ပတ်သက်၍ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မာန်အောင်ကျေးရွာဝန်းကျင်၌ သစ်ခုတ်လွှဆွဲနေကြသော အလုပ်သမားများက နယ်မြေခံတပ်ရင်းအား သတင်းပို့မှုကြောင့် ၄င်းတို့ဘက်မှ သေကြေဆုံးရှုံးမှုများရှိခဲ့သည်ဟု နိုင်ချမ်းဒိန်းအဖွဲ့မှ အကြောင်းပြပြီး နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သစ်ခုတ်လွှဆွဲသမား ၁၉ ဦးကို ဓားဖြင့် ခုတ်ခဲ့သည်ဟု အစိုးရထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
၎င်းပဋိပက္ခကြောင့် ရွာသားများမှာ စစ်အင်အား နှစ်ဖက်အကြား၌ မြေစာပင်ကဲ့သို့ အလူးအလဲခံနေရကြောင်း၊ ရွာပြင်ထွက် ခြံသွားခွင့်ကိုလည်း မကြာခဏ ပိတ်ပင်ခံ နေရကြောင်း အခြားရွာသားတစ်ဦးက ပြောသည်။
''ကျနော်တို့က နှစ်ဖက်လုံးကို ကြောက်နေရတယ်၊ သူတို့ ခိုင်းသလို ခံနေရတယ်၊ ခြံမ ထွက်ရတာလည်း ကြာပြီ၊ ခြံထွက် လက်မှတ်လုပ် ပေးမယ်လို့ (ဒီဇင်ဘာလ ၁၉ ရက်နေ့မှ) ပြောထားတာလည်း ခုထိ လုပ်မပေးသေးဘူး'' ဟု ၄င်းက ပြောသည်။
၎င်းရွာရှိ ဥယျာဉ်ခြံရှင်များမှာ ကွမ်းသီးနှင့် ရာဘာစေးလုပ်ငန်းများဖြင့် အသက်မွေး ဝမ်းကျောင်းနေကြရပြီး ယခုကဲ့သို့ ခြံသွားခွင့် ပိတ်လိုက်ခြင်းကြောင့် ဝမ်းစာရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ရွာသားများက ပြောသည်။
ထို့အတူ ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့တွင်လည်း မူကြိုကျောင်းဆောက်ရန်အတွက် ခေါဇာမြို့မှ လက်သမား ၂၀ ဦးအား နိုဝင်ဘာလ ၂၇ ရက်နေ့မှစ၍ မြို့နယ်ခွဲ အထွေထွေ အုပ်ချူပ်ရေးမှုးမှ ခေါ်ယူစေခိုင်းထားသည်ဟု ခေါဇာမြို့သားတစ်ဦးက ပြောသည်။
''ဒီနေ့ထိ လက်သမားတွေ လုပ်နေတုန်းပဲ၊ ဒါပေမယ့် တချို့ရက်တွေမှာ သူတို့မခေါ်ဘူး၊ နိုဝင်ဘာလကုန်ရက်နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ၂ ရက်နားရတယ်'' ဟု ၄င်းခေါဇာမြို့သားက ပြောသည်။